Missionaries of St. Paul (MSP)

စိန်ပေါလ်သာသနာပြု စစ္စတာရ်၊ ဘုန်းတော်ကြီး၊ ဘရာသာရ်များအသင်းဂိုဏ်း

၁၉၉၀-ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် လားရှိုးသာသနာ ဂိုဏ်းအုပ် ဆရာတော် ချားစ်လ်ဘို (SDB) သည် အမျိုးသား၊ အမျိုးသမီးများ ပူးတွဲပါဝင်သော “စိန်ပေါလ် ဘရာသာရ်၊ စစ္စတာရ် သူတော်စင် အသင်းဂိုဏ်း” ကို တည်ထောင်ခဲ့သည်။ အသင်းဂိုဏ်းကို အမျိုးသမီးငယ် (၇) ဦး၊ အမျိုးသား တစ်ဦးတို့ဖြင့် အစပြုတည်ထောင်ခဲ့သည်။ အသင်းဂိုဏ်း၏ အဓိကဆောင်ပုဒ်သည် ခရစ်တော်သခင် အသက်စွန့်တော်မူဆဲဆဲ မိန့်ကြားခဲ့သည့် “ ငါရေငတ်သည်” ဟူသောစကားဖြစ်ပြီး Charism မှာ “Ad Gentes” ခရစ်တော်အား မသိသေးသောသူများထံ သတင်းကောင်း ဆောင်ကြဉ်းရန်ဖြစ်သည်။

သာသနာအသစ်အဖြစ် ထူထောင်လိုက်သော် လားရှိုးသာသနာကြီး တိုးတက် အောင်မြင်ရေး အတွက် သာသနာပြုလုပ်ငန်းများကို အထူးအလေးပေး လုပ်ဆောင်ကြပြီး အထူးသဖြင့် ခရစ်နှစ် ၂၀၀၀ဂျူဗလီနှစ်ကို ဦးတည်လျက် ဧ၀ံဂေလိတရားတော် ပြန့်ပွားရေးအတွက် အထူးစိတ်အား ထက်သန်စွာ လုပ်ဆောင်ကြချိန်ဖြစ်သည်။ “အမိအသင်းတော် ကြီးတစ်ခုလုံးသည် သာသနာပြု အသင်းတော်ကြီးဖြစ်သည်၊ တရားဒေသနာတော် ဟောပြောသော အသင်းတော်ကြီးဖြစ်သည်။ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် သာသနာပြုတစ်ဦးဖြစ်ရမည်၊ တမန်တော်တစ်ဦး ဖြစ်ရမည်။ မိမိဘ၀အသက်တာ၌ ခရစ်တော်ကို တွေ့ရှိရုံနှင့် ရောင့်ရဲတင်းတိမ်နေရသည်မဟုတ်။ ခရစ်တော်ကို အများသူတို့ထံ သယ်ဆောင်သွားရဦးမည်ဖြစ်သည်။” (RM.3.) ဟူသော ပုပ်ရဟန်းမင်းကြီး စာချွန်တော်၏ လှုံ့ဆော်မှုကိုလည်း အသင်းဂိုဏ်းအနေဖြင့် အထူးခံစားရသောကြောင့်ဖြစ်သည်။ ခရစ်တော် မသိသေးသောသူ မြောက်မြားစွာရှိနေသဖြင့် ဧ၀ံဂေလိသတင်းကောင်း ပြန့်ပွားရေး အတွက်၊ ခရစ်တော်ကို ပိုမိုသိရှိလာစေရန်အတွက် မလျှော့သောဇွဲ၊ လုံ့လဖြင့် ဟောပြောသက်သေခံ ဖို့ရန် ပို၍ တွန်းအားဖြစ်စေသည်။
အသင်းဂိုဏ်း၏ အထူးပေါ်လွင်ထင်ရှားသော အမှတ်သညာလည်းဖြစ်၊ အသင်းဂိုဏ်းကြီး၏ ဘွဲ့အမည်ကို ကြားရရုံမျှဖြင့် အသင်းဂိုဏ်းကြီး၏ ဆောင်ပုဒ်ကို အထင်ကရ ဖော်ထုတ်လိုက်သည့် စာတန်းမှာ “ကျွန်ုပ်တို့သည် သာသနာပြုရှင်များဖြစ်ကြသည်” ဟုပင်ဖြစ်သည်။ “တစ်ပါးလူမျိုးများထံသို့ စိန်ပေါလ်၏ တရားဓမ္မလမ်းစဉ်ဖြင့်” လျှောက်လှမ်းကြမည့်သူများဖြစ်သည်။ စိန်ပေါလ်၏ ပြင်းထန်လှသော စိတ်ဓါတ်မှာ ခရစ်တော်၏နာမတော်ကို မကြားဘူးသောအရပ်၌ ဧ၀ံဂေလိတရားကို ဟောပြောရန်ဖြစ်သည်။

အသင်းဂိုဏ်းကြီးသည် စိတ်အားထက်သန်စွာဖြင့် အစပြုလာသကဲ့သို့ မြန်မာပြည် တစ်ဝှမ်းမှ ၀င်လိုသူများ တစ်နေ့တစ်ခြား များပြားစွာ ရောက်ရှိလာသောကြောင့် အားအင် တောင့်တင်းလာရ ပေသည်။ အချိန်တိုအတွင်း၌ အသင်းဂိုဏ်းကြီးသည် တိုးတက်ရှင်သန်မှု လျင်မြန်လာပြီး၁၉၉၄၊ ဇွန်လ(၂၉) ရက်နေ့၊ စိန်ပီတာနှင့် စိန်ပေါလ်ပွဲနေ့ကြီးတွင် ဂိုဏ်း၏ ကနဦး သီလရှင်(၇)ပါးနှင့် ဘရာသာရ် (၁)ပါးတို့ ပထမ သစ္စာခံယူခဲ့ကြသည်။

၁၉၉၆-ခုနှစ်တွင် အသင်းဂိုဏ်း တည်ထောင်သူ ဆရာတော် ချားလ်စ်ဘိုသည်ပုသိမ် သာသနာသို့ ပြောင်းရွှေ့ တာဝန်ယူရသောကြောင့် နုနယ်သေးသော အသင်းဂိုဏ်းအတွက် ကြီးမားသော မုန်တိုင်းကြီး၏ ရိုက်ခတ်ခြင်းခံခဲ့ရသည်။ ထို့နောက် ဆရာတော်ကြီးသည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်သာသနာကြီးသို့ တစ်ဖန် ပြောင်းရွှေ့ခဲ့သည်။ ထိုအကြောင်းကြောင့် နုနယ်သေးသော အသင်းဂိုဏ်းသည် ကောင်းမွန်စွာ ဦးဆောင်မှုပေးနိုင်ခြင်း၊ လမ်းညွှန်မှုပေးနိုင်ခြင်း၊ လက်တွဲခေါ်ဆောင် နိုင်ခြင်း၊ ကျစ်လျစ်သော ပြုစုပျိုးထောင်မှုပေးနိုင်ခြင်း စသည်များ မရရှိဘဲ ဆက်လက် လျှောက်လှမ်းခဲ့ ရသည်။

ထို့ကြောင့် ၁၉၉၉-ခုနှစ်တွင် ဘရာသာရ်များအား အသင်းဂိုဏ်း တည်ထောင်သူ၏ အနီးကပ် ဦးဆောင်လမ်းညွှန်မှု ရရှိနိုင်ရန်အတွက် ပုသိမ်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဘုရားသခင်၏ စီမံလမ်းညွှန်မှုဖြင့် စစ္စတာရ်များအတွက်လည်း ဗဟိုဌာနချုပ်နှင့် Formation House ကို လားရှိုးမှ သန်လျင်သို့ ၂၀၀၅-ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှစပြီး အသင်းဂိုဏ်းသည် ဂိုဏ်းတည် ထောင်သူ ဖခင်ကြီး၏ အနီးကပ် လမ်းညွှန်မှုပေးခြင်းကို ခံယူရရှိခဲ့သည်။

လက်ရှိတွင် စိန်ပေါလ် ဘရာသာရ်များသည် တဖြည်းဖြည်း တိုးတက်လာပြီး သစ္စာခံယူသူ စုစုပေါင်း (၃၀)ပါးရှိခဲ့ပြီး ၄င်းတို့မှ ရဟန်း (၄)ပါးနှင့် ရာသက်ပန်သစ္စာခံပြီးသူ (၁၁)ပါး ပါဝင်လျက် မန္တလေးသာသနာ၊ ပုသိမ်သာသနာ၊ မော်လမြိုင်သာသနာနှင့် ဖားအံသာသနာတို့၌ ကျောင်းပေါင်း (၈)ကျောင်းတွင် သာသနာ အမှုတော်ထမ်းဆောင် လျှက်ရှိသည်။ စိန်ပေါလ် စစ္စတာရ်များသည်လည်း အခက်ခဲအမျိုးမျိုးကြားထဲမှ တိုးတက်အောင်မြင်မှု ပိုမိုရရှိလာပြီး လက်ရှိတွင် စုစုပေါင်း သီလရှင် (၈၄) ပါး၊ ကျောင်းပေါင်း(၂၃) ကျောင်းရှိပြီး ၄င်းတို့မှာ လားရှိုးသာသနာ၊ ပြည်သာသနာ၊ မြစ်ကြီးနား သာသနာ၊ ပုသိမ်သာသနာ၊ ဖားအံသာသနာ၊ ရန်ကုန်သာသနာတို့တွင် သာသနာအမှုတော်ကို ထမ်းဆောင်ကြပါသည်။ ဒေသခံအသင်းတော်နှင့် လက်တွဲ၍ ဘုရားလူမျိုးတော်တို့၏ လိုအပ်ချက်များ ကို မိမိတတ်စွမ်းသမျှ ဖြည့်စွမ်းပေးလျှက် ၄င်းတို့နှင့်အတူ တစ်သားတည်းနေထိုင်ပြီး ခရစ်တော်၏ သတင်းကောင်းနှင့် ကရုဏာမေတ္တာတော်အကြောင်းကို ရိုးစင်းသောဘ၀အသက်တာဖြင့် သက်သေခံ ဝေမျှလျှက်ရှိကြသည်။