Diocese News

Bishop Justin’s homily Chrism Mass

အစေခံခြင်း
အစေခံခြင်းသည် ခရစ်ယာန်တို့အတွက် ခရစ်တော်ဘုရား သွန်သင်ပြခဲ့တဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်။ လူသားသည် စေခိုင်းခြင်းငှါမဟုတ်၊ အစေခံခြင်းငှါလာသည်ဟု (မာတေဦး ၂၀း၂၁) ကျမ်းစာတွင် ဆိုထားတယ်။
ခရစ်တော်ဘုရားသည် တပည့်တော်များ၏ ခြေကိုဆေးလျက် သင်တို့သည်လည်း ငါ့နည်းတူ အချင်းချင်းကိုပြုကြလော့ (ယောဟန် ၃၁း၁)ဟု သင်ကြားပေးတော်မူခဲ့သည်။ အများကို အစေမခံချင်သူဟာ ခရစ်တော်ဘုရားရဲ့ နှိမ့်ချခြင်းအခြေခံကို သင်ယူရပါမယ်။ နှိမ့်ချရင် လူတွေက စိတ်ချကြတယ်။ နှိမ့်ချရင် အရိပ်မျှဝေနိုင်တယ်။ စိန်ဂျွန်ဗီယာနေဟာ နှိမ်ချခြင်းနဲ့အစေခံခဲ့တဲ့အတွက် သစ်တပင်ကောင်းငှက်တစ်သောင်းနားဆိုရိုးအတိုင်း များစွာသော ဘာသာသူများသည် သူ့ရဲ့အရိပ်မှာ ခိုနားခဲ့ကြတယ်။ အများကိုအစေခံမဲ့သူဟာ သခင်ခရစ်တော်ဘုရားကဲ့သို့ အများအတွက် “အသေခံ” တဲ့ “မူ”ကို လက်ကိုင်ထားရပါမယ်။ စိန်ဒေးမီးယန်းရဲ့ ဘ၀အသက်တာလေးကို ပြန်သတိရမိတယ်။ သူဟာ ဒုက္ခတွေထဲမှာ နေရဲ၊ သေရဲတယ်။ နူနာရောဂါသည်တွေနဲ့အတူ နေထိုင်ရှင်သန်ခဲ့ပြီးနောက် မိမိဘ၀ကို အဆုံးတိုင် ပေးဆပ်ခဲ့တယ်။ ခရစ်တော်ဘုရားရဲ့ နောက်လိုက်တို့သည် အစေခံရာ၌ ခရစ်တော်ကဲ့သို့ မိမိအလိုကိုမလိုက်အဖခမည်းတော်ဘုရားရဲ့ အလိုကို လိုက်ကြရမယ်။ (ရှင်ယောဟန် ၆း၃၈) ဘုရား၏အလိုတော်ကိုလိုက်နာကျင့်ကြံခြင်းဟာ လွတ်လပ်ခြင်းဖြစ်တယ်။ ခရစ်တော်၌ ကျွန်ုပ်တို့သည် လွတ်လပ်၏။ (ဂလာတိ ၂း၎) အမှန်တရားနောက်ကိုလိုက်တဲ့အခါ လူတွေအားလုံး အကြိုက်ကို မလိုက်နိုင်၊ မပြောဆိုနိုင်။ လူ့ရဲ့အလိုနောက်ကို လိုက်တဲ့အခါ တခါတရံ မှားယွင်း တတ်ပါတယ်။ ဘုရားရှင် တစ်ပါးတည်းသာလျှင်မမှားမယွင်းနိုင်။ ဘုရားကိုအစေခံမယ့်သူ၊ အများကို အစေခံမယ့်သူဟာ မာနတွေကိုခ၀ါချထားရမယ်။ အစေခံခြင်းဆိုတာ လေကန်ခြင်းမဟုတ်၊ အလုပ်နှင့် သက်သေပြခြင်းဖြစ်တယ်။ အနာခံ၍မေတ္တာပြခြင်းဖြစ်တယ်။ ပါးစပ်နှင့်မဟုတ်ဘဲ အကျင့်နဲ့ အမှန်တရားနဲ့ ချစ်တတ်မှ ဆက်ကပ်တတ်မယ်။
ခရစ်တော်ဘုရားရဲ့ အစေခံတို့သည် အမှန်ပင်နှိမ့်ချပြီး စိတ်လှကြရပါလိမ့်မယ်။ မာနကို ချိုးနှိမ်လျက် မေတ္တာလက်များဖြင့် ဆက်ကပ်ကြရမယ်။ အသင်းတော်အတွက် အနာခံမည့် အမာခံများအဖြစ် ဘ၀ကိုပေးဆပ်ကြရမည်သာဖြစ်ပါတယ်။ ဖေးကူတော့ ဘေးလူသက်သာတယ်။ အစေခံခြင်းဟာ အများအတွက် မိမိဘ၀ကို ဆပ်ကပ်ပေးလှူခြင်းလည်း ဖြစ်ပါတယ်။ တမန်တော်ဝတ္ထု၌ ခရစ်တော်၏နောက်လိုက်တို့သည် အများ၏ လိုအပ်မှုများအတွက် မိမိတို့ဘ၀ကို ပေးဆပ်ကြသည်။ (တမန် ၉း၃၆-၃၉)
ခရစ်ယာန်ခေါင်းဆောင်သည် “အများက မိမိကိုအစေခံရန်မဟုတ်၊ မိမိက အခြားသူများကို အစေခံရန်ဖြစ်သည်” (မာတေဦး ၁၀း၄၄-၄၅) ဟု ခရစ်တော်ဘုရားသင်ကြားပေးခဲ့ပါတယ်။ မြင့်မြတ်သောအစေခံသည် အနေမှန်သည်။ အစေခံခြင်း၏ အဓိကလက်ကိုင်ထားရမယ့်မှုမှာ သစ္စာတည်ကြည်ခြင်းဖြစ်သည်။ သစ္စာဖျက်လျှင် မေတ္တာပျောက်လိမ့်မည်။ သစ္စာရှိခြင်းသည် မေတ္တာရှိခြင်းကို ဖော်ပြနေသည်။ စစ်မှန်သောတမန်တော်ကောင်းတစ်ဦးသည် အစေခံရာ၌ ဟန်မလုပ်၊ မာန်မထုတ်ပဲ မေတ္တာလုပ်ငန်းများ၌ အနစ်နာခံရဲသူဖြစ်တယ်။ အစေခံခြင်းစိတ်ဓာတ်ဟာ အလွန်မြင့်မြတ်ပါတယ်။ တစ်ဦးကို တစ်ဦး အနစ်နာခံလျက် အစေခံခြင်း၌ ထာဝစဉ်ဂုဏ်ယူ ၀မ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *