St. Michael, The Arhangel’s Catholic Church

Andrew Aung Kyaw Oo
No. 247, Saya San Road
Kamakasit, Dalla Tsp
Yangon Division
Tel: +95 (0)1 269224

(Pastor)Fr. Andrew Aung Kyaw Oo

Daily Masses
6:00a.m.Mon,Thr(Tamil);Tue,Fri(Myan.);Wed(Eng);Sat(Latin)

Sunday Masses
6:15a.m.(Tamil at Center),8:30a.m.(Myan.at Center),
4:00 p.m.(Tamil at Village)

သိကြားမင်း မိကာအဲလ် ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်း

ဒလသာသနာ သမိုင်းအကျဉ်းချုပ်

သိကြားမင်းမိကာအဲလ် ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် ၁၉၄၅ ခုနှစ်တွင် တွံတေး ကားလမ်းမကြီးအနီးတွင် တည်ရှိ၍ မိသားစု (၃)စု ရှိခဲ့ပါသည်။ ထိုအချိန်တွင် ကာမာကစစ်ရွာတွင် ဘာသာသူမိသားစုအိမ်ခြေ (၂၅)ဦးသာရှိသောနေရာသို့ ၁၉၄၇ခုနှစ်တွင် စိန်အန်ထော်နီ ကျောင်းထိုင် ဘုန်းတော်ကြီး ဆာဗရီမူတူးခွင့်ပြုချက်ဖြင့် ရွေ့ပြောင်း၍ ဦးအိညာစီ ဦးစီးသောအဖွဲ့သည် ကျောင်းတော်ကြီးကို သစ်တိုင်၊ သွပ်မိုး၊ ပျဉ်ကာဖြင့် တည်ဆောက်ခဲ့ပါသည်။

၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် ဒလမြီု့သစ်ဖော်ထုတ်ရေး စီမံချက်အရ အလျား ၂၄၂ ပေ၊ အနံ ၁၅၃ ပေ (၀.၈၁၁) ဧကနေရာအား သိကြားမင်းမိကာအဲလ် ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

၁၉၉၂ ခုနှစ်တွင် ဦးမောင်မောင်ဦးဆောင်သောအဖွဲ့သည် အစည်းအဝေးပြုလုပ်၍ ကျောင်းတော်ကြီးအသစ် ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၉၄ခုနှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး S.K Martin ခွင့်ပြုချက်ဖြင့် အစပြုခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အုတ်မြစ်ချ၍ (၆)နှစ်တာ နှောင့်နှေးခဲ့ပါသည်။

ဆက်လက်၍ ၄-၁-၂၀၀၂ ခုနှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး S.S. Arul ၏ခွင့်ပြုချက်ဖြင့် လက်ထောက်ဘုန်းတော်ကြီး စိန်ထွန်းဦးဆောင်သော အဖွဲ့သည် ကျောင်းတော်အသစ် ဆောက်လုပ် ပြီးစီး၍ ၂၀၀၄ ခုနှစ် မေလ(၂)ရက်နေ့တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုမှ ဘုရားကျောင်းအသစ်ကို ဘိတ်သိက်ပေး၍ ဘာသာဝင်များ ဘုရားဝတ်ပြုရန် ခွင့်ပြုခဲ့ပါသည်။

၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုအား သာသနာအသစ်အဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ ထို့နေ့မှစ၍ သိကြားမင်းမိကာအဲလ် ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဒလသာသနာကို ကျောင်းထိုင်ဘုန်းတော်ကြီး M. Peter အား ခန့်အပ်ခဲ့ပါသည်။

ဒလသာသနာတွင် ပါဝင်သောကျေးရွာများမှာ သမတကမ်းခြေ၊ ရဲချောင်းကျေးရွာ၊ ခနောင်ကျေးရွာ၊ ဘုရားငုတ္တိုကျေးရွာ၊ ကပျဉ်းကျေးရွာ၊ နတ်စင်စုကျေးရွာ၊ ရွှေပေါက်ပင်ကျေးရွာ၊ ရန်ကုန်ပေါက်ကျေးရွာ၊ ဆိပ်ကြီးခနောင်တို တို့ဖြစ်ပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီး M. Peter နှင့် ဦးပါကျွန်း (M.D Pk Construction Co., Ltd) တို့၏ ဦးဆောင်မှုဖြင့် သိကြားမင်းမိကာအဲလ် ကက်သလစ်ဘုရားရှိခိုးကျောင်းအတွက် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် အခွန်လွတ်သာသနာ့မြေဂရမ် ရရှိခဲ့ပါသည်။
၂၀၀၈ခုနှစ် လုဒ်မယ်တော်ဂူတည်ဆောက်ခဲ့ပါသည်။

၂၀၀၉ခုနှစ် ယာယီဘုန်းတော်ကြီး (၂)ထပ်ဆောင် ဆောက်လုပ်ခဲ့ပါသည်။

သာသနာ့မြေ အကျယ်အ၀န်းမှာ (၀.၈၁၁ ဧက) ရှိပါသည်။

ဒလမြို့နယ်၊ တံတားချောင်း၊ စံပြကျေးရွာရှိ သံ-ဆေဘက်စတီးယန်း ကက်သလစ်ဘုရားရှိခိုးကျောင်း သမိုင်းအကျဉ်း

ဒလမြို့နယ်၊ တံတားချောင်းကျေးရွာ၊ စံပြရပ်ကွက်၊ ကောက်ကွက်အမှတ် (၇)တွင် တည်ရှိသော သံ-ဆေဘက်စတီးယန်းဘုရားကျောင်းသည် လွန်ခဲ့သော (၁၉၄၇)ခုနှစ် အချိန်ခန့်တွင် လယ်သမားကြီး ဦးဆာဝတီမူတူး၏ လယ်မြေတွင် ဘာသာသူဦးရေ (၄၀)ခန့်နှင့် ဦးဆာဝတီမူတူးဦးဆောင်၍ ဘုရားကျောင်းအားစတင်တည်ဆောက်ခဲ့သည်။ ထိုစဉ်ဘုရားကျောင်းမှာ အလျား(၅၀)ပေ၊ အနံ(၁၆)ပေဖြင့် ၅ပတ်လည်သစ်တိုင်/ပျဉ်ခင်း/သွပ်မိုးဖြင့် တည်ဆောက်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် တိုက်ခတ်သော (နာဂစ်) မုန်တိုင်းဒဏ်ကြောင့် ဘုရားကျောင်းမှာ လုံးဝပြိုကျပျက်စီးခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဘုရားဝတ်ပြုရန်ပြန်လည်ယာယီပြုပြင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ခြံစည်းရိုးကာရံဌာနဆိုင်ရာများ ခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် ပြီးမြောက်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့မှစ၍ ဒလသာသနာ လက်အောက်တွင် တည်ရှိသောဘုရားကျောင်းတော်တစ်ခုဖြစ်ပါသည်။ သာသနာ့ မြေအကျယ်အ၀န်း မှာ (၀ ဒသမ ၆၂ ဧက) ရှိပါသည်။

ဒလမြို့နယ်၊ ရဲချောင်းကျေးရွာ၊ မင်းရွာဆိပ်ကြီးကွင်းရှိရသေ့စိန်အန်ထော်နီ ကက်သလစ်ဘုရားရှိခိုးကျောင်း သမိုင်းအကျဉ်း

၁၈၅၀ခုနှစ်တွင် ဦးရာယာပါသည် အိန္ဒိယနိုင်ငံမှ မြန်မာပြည်သို့လာရောက်ပြီး တွံတေးမြို့နယ်၊ ရဲချောင်းကျေးရွာ မင်းရွာဆိပ်ကြီးကွင်းတွင် အခြေချနေထိုင်ခဲ့ပါသည်။ လယ်ယာမြေ ဧက ၅၀ လုပ်ကိုင်နေထိုင်သူဖြစ်ပါသည်။ ၁၈၆၇ခုနှစ်တွင် ရသေ့ စိန်အန်ထော်နီ ဘုရားကျောင်းတော်ကို သစ်တိုင်၊ သွပ်မိုး၊ ပျဉ်ကာဖြင့် တည်ဆောက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၄ခုနှစ်အောက်တိုဘာ (၂၄)ရက်နေ့မှစ၍ ရသေ့ စိန်အန်ထော်နီဘုရားကျောင်းသည် ဒလသာသနာလက်အောက်တွင် တည်ရှိနေသောဘုရားကျောင်းတစ်ခုဖြစ်ပါသည်။
သာသနာမြေအကျယ်အ၀န်းမှာ ၄ ဒသမ ၁၁ ဧက ဖြစ်ပါသည်။

ဒလမြို့နယ်၊ ခနောင်ရွာမ (ကွင်း)ရှိစိန်ထရေးဇားကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း သမိုင်းအကျဉ်း

ခနောင်ရွာမ (ကွင်း)တွင် ၁၈၇၆မှ ၁၉၄၂ခုနှစ်ထိ ဦးအလန်ဒူးမိသားစုတစ်ခုတည်းသာနေထိုင်ခဲ့ပါသည်။ ၁၉၄၂ခုနှစ်၊ ဂျပန်အုပ်ချုပ်ရေးခေတ်တွင် ကော့မှူးမြို့နယ်၊ ထန်းတပင်ကျေးရွာမှ လယ်သမားများ ခနောင်ရွာမ (ကွင်း) သို့ ပြောင်းရွှေ့လာ၍ နေထိုင်ပြီး ဘာသာသူဦးရေ အိမ်ခြေပေါင်း (၅၀)ခန့်ရှိခဲ့သည်။ ထိုအချိန်တွင် ဘုန်းတော်ကြီး စ၀ရီမူတူးရောက်ရှိလာပြီး ဦးအလန်ဒူးနေသော တဲအပြင်ဘက် တစ်နေရာတွင် တဲတစ်ဆောင်ဆောက်လုပ်၍ နေထိုင်ခဲ့သည်။ ထိုတဲတွင် ကျေးရွာရှိဘာသာသူများအား ခေါ်ဆောင်ပြီးမစ္ဆားတရား ပူဇော်ခဲ့သည်။ လူဦးရေများသောကြောင့် နေရာကျဉ်းသဖြင့် ဘုရားကျောင်းတစ်ခုတည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ၄-၃-၁၉၄၃ခုနှစ်တွင် ဘုန်းတော်ကြီး စ၀ရီမူတူးဦးဆောင်ပြီး သစ်သားတိုင်၊ ဓနိမိုး၊ ဓနိကာဖြင့် တည်ဆောက်ခဲ့သည်။ ဘုရားကျောင်းပြုပြင်ရေးလုပ်ငန်းကို ၁၉၈၃ခုနှစ်တွင် ဘာသာသူများစုပေါင်းပြီး အုပ်ဖိနပ်၊ သစ်သားတိုင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးဖြင့် တည်ဆောက်ခဲ့သည်။ ယခုအချိန်တွင် အိမ်ခြေ(၁၅)လုံးခန့် ရှိပါသည်။ ၂၀၀၈ခုနှစ်၊ မေလ (၂)ရက်နေ့တွင် တိုက်ခတ်သော မုန်တိုင်းဒဏ်ကြောင့် အမိုးများ အကာများကွာကာ အုတ်ဖိနပ်များအက်ကွဲပြီး ယိုယွင်းပျက်စီးနေသည်။ ဘုရားဝတ်ပြုရန် ခက်ခဲသောကြောင့် ဘာသာသူများစုပေါင်းပြီး အနည်းငယ်ပြုပြင်ထားသည်။ ၂၀၁၀ခုနှစ်တွင် ဘုရားကျောင်းအသစ်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး လက်ရှိဘုရားကျောင်းတော် အမိုးအဆင့်အထိ ပြီးမြောက်၍ ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပါသည်။ ၂၀၀၄ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့မှစ၍ ဒလသာသနာလက်အောက်တွင် တည်ရှိသော ဘုရားကျောင်းတော်တစ်ခုဖြစ်ပါသည်။
သာသနာမြေအကျယ်အ၀န်းမှာ ဒသမ ၃၀ခန့် သာရှိပါသည်။

၎င်းဘုရားကျောင်းသည် ဒလမြို့နယ်၊ ခနောင်ရွာမ(ကွင်း) ဦးအာရကျွန်းအမည်ပေါက်သော လယ်ယာမြေတွင် တည်ရှိပါသည်။

တွံတေးမြို့နယ်၊ ဘုရားငုတ္တိုကျေးရွာရှိသံအာနားကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်း သမိုင်းအကျဉ်း

၁၈၇၇ခုနှစ်တွင် ဦးလယပါးသည် အိန္ဒိယနိုင်ငံမှ မြန်မာပြည်သို့ လာရောက်ပြီး တွံတေးမြို့နယ်ရှိဘုရားငုတ္တိုကျေးရွာတွင် အခြေချနေထိုင်ခဲ့သည်။ ၁၈၈၀ခုနှစ်တွင် သံအာနားဘုရားကျောင်းတော်ကို ၀ါး၊ ဓနိ၊ ထရံကာဖြင့် တည်ဆောက်ခဲ့ပါသည်။ ၁၉၁၀ခုနှစ်တွင် ၄င်းဘုရားကျောင်းအား သစ်တိုင်၊ သွပ်မိုးဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါသည်။ ၄င်းနောက် ၁၉၈၆ခုနှစ်တွင် လက်ရှိတည်ရှိနေသော ဘုရားကျောင်းအား RC သွပ်မိုးဖြင့် အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။ ဤဘုရားကျောင်းတော်သည် တွံတေးမြို့၊ ကက်သလစ်အသင်းတော်၏ လက်အောက်တွင် တည်ရှိခဲ့ပါသည်။
၂၀၀၄ခုနှစ်၊ အောက်တိုဘာ (၂၄)ရက်နေ့မှစ၍ ဒလသာသနာလက်အောက်တွင် တည်ရှိသော ဘုရားကျောင်းတော်တစ်ခုဖြစ်ပါသည်။
သာသနာမြေ အကျယ်အ၀န်းမှာ (၂ ဒသမ ၈၀ဧက) ဖြစ်ပါသည်။