Diocese News, Liturgical Celebrations

၂၉- ကြိမ်မြောက်၊ လုဒ်စ် မယ်တော်ပွဲ၊ စိန်ဂျွန်း – မောင်ထော်လေး

maung-htaw-lay

စိန်ဂျွန်း – မောင်ထော်လေး သာသနာ၏ ၂၉ ကြိမ်မြောက် ဆုတောင်းပြည့် Lourdes မယ်တော်သခင်မ ပွဲတော်ကို ဇန္န၀ါရီလ ၂၅-ရက်နေ့ ညနေ ၅-နာရီအချိန်တွင် မယ်တော်အလံတော် လွှင့်ထူ၍ (၉)ရက်တိုင်အောင် နိုဗီနာပွဲ ပြုလုပ်ခဲ့လေသည်။ ဇန္န၀ါရီလ ၂၅-ရက်နေ့မှ ဖေဖော်ဝါရီလ ၂-ရက်နေ့အထိ နိုဗီနာကို ကျောင်းဝင်းအတွင်းရှိ မယ်တော်ဂူရှေ့၌ ကျင်းပခဲ့ပြီး နေ့စဉ်မစ္ဆားတရားတော်ကို ရဟန်းတစ်ပါးစီက အလှည့်ကျမစ္ဆားပူဇော်ပေးခဲ့၍ တရားဒေသနာ ဟောကြားခဲ့ကြလေသည်။

ပွဲတော်အတွင်း နေ့စဉ် စီတန်းလှည့်လည်ခြင်းကို ကျောင်းဝင်းအတွင်း၌သာ ပြုလုပ်ခဲ့ပြီး နောက်ဆုံး ၂ရက် (ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်)နေ့တို့တွင် မြို့တွင်း၌ လှည့်လည်ပူဇော်ခံခဲ့လေသည်။ လမ်းကြောင်းမှာ ဗိုလ်ဆွန်ပက်လမ်းမှ အစပြု၍ အနော်ရထာလမ်း၊ ရွှေဘုံသာလမ်း၊ ဗိုလ်ချုပ်လမ်းမကြီးမှ ဆူးလေဘုရားလမ်း၊ ၄င်းမှ အနော်ရထာလမ်းကြောင်းအတိုင်း ပြန်ဝင်လျက် ဗိုလ်ဆွန်ပက်လမ်းမှ ကျောင်းအတွင်း ၀င်ရောက်ခဲ့ပေသည်။ ကက်သလစ်ခရစ်ယာန်သာသနာအနေဖြင့် ရန်ကုန်မြို့လည်ဧရိယာတွင်း ဤကဲ့သို့ အဓိကကျပြီး ရှည်လျားသော လမ်းမအတိုင်း နှစ်စဉ် စီတန်းလှည့်လည်ခွင့်ရခြင်းမှာ ထူးခြားသော အခွင့်အရေးပင်ဖြစ်သည်။

ပွဲတော်နေ့ ဖေဖော်ဝါရီလ ၃-ရက် တနင်္ဂနွေနေ့တွင် ဂိုဏ်းချုပ်ဆရာတော်ချားလ်စ်ဘို ကိုယ်တိုင် ကြွရောက်လျက် မစ္ဆားပူဇော် တရားရေအေးတိုက်ကျွေးလျက် ပွဲတော်နေ့ဘာသာဝင်ပေါင်း (၂၀၀၀)ခန့် ပါဝင်ဆုတောင်းခဲ့ကြပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *